Tuesday, August 26, 2014

လယ်ယာစိုက်ပျိုးသူတောင်သူလယ်သမားများအတွက် "ဈေးကွက်" ဟာ ဘယ်လို သက်ဆိုင်ပါသလဲ ?

ရောင်းသူထုတ်သူအားလုံးအတွက် "ဈေးကွက်" ဟာ အင်မတန်အရေးကြီးပါတယ်၊ ဒီလိုပဲ မိမိဝမ်းစာအပါအဝင် တိုင်းပြည်ဝမ်းစာထုတ်လုပ်ကြတဲ့ စပါးစိုက်တောင်သူများအားလုံးအတွက် "ဈေးကွက်" အင်မတန်အရေးကြီးပါတယ်။ "ဈေးကွက်ကို နားလည်သဘောပေါက်မှ မိမိစိုက်ပျိုးထုတ်လုပ်တဲ သီးနှံရောင်းချရင် ဈေးကောင်းရနိုင်မှာဖြစ်သလို လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ (၁) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး နဲ့ (၂) ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အပိုင်း(၂) ပိုင်းပါရရှိပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။သာဓကအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ယခင် ခေတ်အဆက်ဆက်အစိုးရများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် "စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး" ဆိုတဲ့ "စပါးအထွက်တိုးရေး" ကိုသာ အဓိကထားတွန်းအားပေးခဲ့ကြတဲ့အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ အောင်မြင်သင့်သလောက် မတိုးတက်ဘဲ တောင်သူများဘဝမှာ "လှေလှော်ရင်းတက်ကျိုး" ဆိုသလို တိုးတက်မှု မရှိဘဲ ပိုပြီးပိုပြီး ဆင်းရဲလာခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ တောင်သူများအနေဖြင့်
တိုးတက်စိုက်ပျိုးထုတ်လုပ်ခဲ့ကြသော်လည်း သီးနှံဖြတ်ဈေးများ နဲ့သာ
ရောင်းချခဲ့ရခြင်း တာဝန်ကျေသီးနှံပေးသွင်းယုံသာ မျှော်မှန်းချက်နဲ့ စိုက်ပျိုးခဲ့ကြတဲ့အတွက် စပါးကောင်းဆန်ကောင်းမထုတ်လုပ်လို့ ဈေးကောင်းမရဖြစ်ရပါတော့တယ်။ ရသလောက်ဈေးနဲ့ ရောင်းချခဲ့တဲ့အတွက် စိုက်စရိတ်မကျေ လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် အကျိုးအမြတ် တိုးတက်မှုမရကြဘဲ ဆင်းရဲတွင်းနစ်နေရတဲ့ သာဓကများ ရှိပါတယ်။ ဒါဟာဈေးကွက်ကို ဖယ်ထားလို့ ကြုံရတဲ့ လက်တွေ့အဖြစ်ပါ။ အကျိုးအမြတ်ဖော်ဆောင်နိုင်ဖို့ "ဈေးကွက်" ကို သိကိုသိနေမှဖြစ်မှာပါ။ ဒါကြောင့်လည်း ယခုအခါ နိုင်ငံတော်ကလည်း ဈေးကွက်စီးပွားရေးစနစ်ကို ချမှတ်ကျင့်သုံးလျက်ရှိပြီး ဈေးကွက်ကို သိရှိဖော်ဆောင်နိုင်ဖို့ တောင်သူများကို တွန်းအားပေးနေကြတာပဲ ဖြစ်ပါတယ်။


No comments:

Post a Comment

Commodities


Commodities are powered by Investing.com