Saturday, August 30, 2014

တောင်သူလယ်သမားများအနေနဲ့ ဈေးကောင်းရဖို့ မျှော်လင့်တောင်းဆိုနေမှု များရှိကြပါတယ် ၊ စပါးဈေးကောင်းရဖို့ မည်သည့်အချက်များ လိုအပ်နေပါသလဲ ?

ဈေးကောင်းရရန် အဓိကအချက်များကို ဖော်ပြလိုပါတယ်။

" ဈေးကောင်းရရန်အချက်များ "
(၁) ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေ
(၂) တင်ပို့မည့်ဆန်၏ အရည်အသွေး
(၃) တင်ပို့သူ၏ နာမည်ရမှု
(၄) ဆိပ်ကမ်းများ၏ တင်ပို့မှုစွမ်းရည် ( Port Facility and Efficience)
(၅) ဈေးနှုန်းညှိနှိုင်းမှုစွမ်း၇ည်အရည်အချင်းတို့ဖြစ်ပါတယ်။

ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေ

  တစ်ချက်ချင်း ရှင်းပြရရင် ကမ္ဘာ့ဆန် ဈေးကွက်အခြေနေပေါ် ယေဘုယျအားဖြင့် တည်မှီးပါတယ်၊ ကမ္ဘာ့ဆန်ဈေးကွက်ဈေးကောင်းရင် ပြည်ပတင်ပို့သူများက ဈေးကောင်းပေးလို့ ပြည်တွင်းဆန်ဈေးစပါးဈေးကောင်းမှာဖြစ်ပါတယ်၊ ကမ္ဘာ့ဆန်ဈေးထက်မြင့်ပြီး ပြည်ပဆန်တင်ပို့သူက ပြည်တွင်းမှာ မဝယ်ကြပါဘူး၊ နိုင်ငံတကာ ဆန်ဈေးနိမ့်၇င် ပြည်တွင်းဆန်ဈေးလည်း နိမ့်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းစားသုံးမှုထက် ပိုလျှံတဲ့ဆန်ကို ပြည်ပတင်ပို့ရောင်းချရမှာ ဖြစ်ပြီး ပိုလျှံမှုကို ထုတ်မရောင်းနိုင်ရင် ပြည်တွင်းလက်ကျန်များကာ ဈေးကွက်အီပြီး ပြည်တွင်းဆန်ဈေးကျမှာ ဖြစ်ပါတယ်။ဒါကြောင့် ပြည်ပတင်ပို့မှုကို ကြိုးပမ်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာဈေးကွက်အကြိုက် ဆန်မျိုးထုတ်လုပ်မှ ရေရည်လည်ပတ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ တင်ပို့မည့်ဆန်၏ အရည်အသွေး

  ပြည်တွင်းပြည်ပဈေးကွက်နှစ်ခုလုံးမှာ ဆန်အရည်အသွေးကောင်းမှ ဈေးကောင်းရမှာ ဖြစ်ပါတယ်။ ဈေးကောင်းရချင်ရင် ဈေးကွက်အကြိုက် စပါးမျိုးစိုက်ပြီး အရည်အသွေးကောင်းအောင် စိုက်ပျိုးချိန်မှ စပြီး ကြိတ်ခွဲသိုလှောင်ရောင်းချတင်ပို့တဲ့ အဆင့်တိုင်းမှာ အရည်အသွေးကောင်းမွန်ရေးကို အလေးဂရုပြုဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ပြောရရင်-
(က) ဈေးကွက်အကြိုက် မျိုးကောင်းစပါးစိုက်ပါ။ (စပါးကောင်းမှ ဆန်ကောင်းရပါမယ်)
(ခ) အရည်အသွေးကောင်းရအောင် စိုက်ပျိုးကိုင်တွယ်နည်းစနစ်များ စနစ်တကျကျင့်သုံးပါ။
(ဂ) ဆန်ကြိတ်စက်ကောင်းကောင်းမှာ ကြိတ်ခွဲပါ။
(ဃ) ဆန်ကုန်စည်ဒိုင်များနဲ့ ချိတ်ဆက်ရောင်းဝယ်ပါ။
(အချုပ်အားဖြင့် ဈေးကောင်းရရန် အရည်အသွေးကောင်းဖို့ လိုအပ်ပါတယ်)

တင်ပို့သူ၏ နာမည်ရမှု

တတိယအချက်က တောင်သူထက် တင်ပို့သူ Exporter နဲ့ သက်ဆိုင်ပါတယ်။ ပြည်ပတင်ပို့သူက နာမည်ရရင် ဝယ်လက်ရပြီး ဖောက်သည်ရကာ ဈေးကောင်းရမှာ ဖြစ်ပါတယ်။ စိတ်မချရတဲ့ တင်ပို့သူကို ဘယ်သူမှ မဝယ်ကြပါ။ အရည်အသွေးမှန် ပစ္စည်းမှန် အလေးချိန်မှန် စံချိန်စံညွှန်းမှန်မှန်နဲ့ စာချုပ်အအတိုင်း မှန်မှန်ကန်ကန် တင်ပို့နေကျဆိုရင် နာမည်ကောင်းပြီး ဈေးကောင်းရမှာပါ။ တင်ပို့သူအချင်းချင်းတစ်နပ်စားဥာဏ် တစ်ခါစားအကြံ သုံးရင် နာမည်ပျက်မှာ ဖြစ်ပါတယ်။

ဆိပ်ကမ်းများ၏ တင်ပို့မှု စွမ်းရည်

စတုတ္ထအချက် ပြည်ပတင်ပို့တဲ့ ဆိပ်ကမ်းများရဲ့ တင်ပို့မှု စွမ်းရည် ( Port Facility and Efficiency ) ဟာလည်း အရေးကြီးပါတယ်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းအခြေအနေဟာ အိမ်နီးချင်း ဆန်တင်ပို့နိုင်ငံများနဲ့ ယှဉ်ရင် စွမ်းရည်နိမ့်ပါတယ်။ ဒါကြောင့် ပြည်ပဆန်တင်ပို့ရင်  တင်ပို့စရိတ် တန်ဆာခ (Freight Charges) ပိုမြင့်နေတာကြောင့် မြန်မာ့ဆန်ကို ဈေးနိမ့်ချ လျှော့ဈေးပေးပြီး ဝယ်ပါတယ်။ ဒါကြောင့် ပြည်ပဆန်ဈေး FOB ဈေးဟာ နိမ့်နေပြီး ပြည်တွင်းဆန်ဈေးနိမ့်မှ တင်ပို့နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဥပမာ အာဖရိက က တင်ပို့မယ်ဆိုရင် ခရီးအနီးအဝေးကွာဟမှု တန်ဆာခ ပိုမြင့်မှုကြောင့် မြန်မာ့ဆန်ဖြူဟာ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတက်
15 U$D မှ 30 U$D အထိ နိမ့်ကျနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဈေးနှုန်းညှိနှိုင်းမှု စွမ်းရည်

 နောက်ဆုံးအချက်က ဈေးနှုန်းညှိနှိုင်းနိုင်မှု စွမ်းရည်ပါ တင်ပို့သူများအပေါ်မှာ အဓိကကျပါတယ်။ Exporter က ဈေးနှုန်းညှိနှိုင်းမှုကောင်းရင် ဈေးကောင်းရပါတယ်။ အချင်းချင်းယှဉ်ပြိုင်မှု ပြင်းထန်ကာ ကျပ်တစ်ထောင် မြတ်လည်းတင် ရရာဈေးနဲ့တင်ရင်တော့ ဝယ်သူအကြိုက်ဖြစ်ကာ သင့်တင့်တဲ့ ဈေးရမှာ မဟုတ်ပါဘူး။ အချုပ်အားဖြင့် ဈေးကောင်းရဖို့က အရည်အသွေးအခြေခံတောင်သူများအပေါ်မှာ အဓိကတည်ပြီး ကုန်သည်စက်ပိုင်နဲ့ တင်ပို့သူ Exporter များအပေါ်မှာလည်းတာဝန်ရှိတာဖြစ်တဲ့အပြင် ဆိပ်ကမ်းများ တင်ပို့မှု စွမ်းရည်မြင့်တက်ရေးအစိုးရမှာလည်း တာဝန်ရှိကြောင်း ပြောလိုပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို အခြေခံအကျဆုံးက အရည်အသွေးကောင်း စိုက်ပျိုးထုတ်လုပ်စေဖို့ လိုအပ်ပါတယ်။

ချစ်ကိုကို (မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အမှုဆောင်အ၇ာရှိ)


No comments:

Post a Comment

Commodities


Commodities are powered by Investing.com